ဖလမ်း မေ ၂၉
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ ၂၇ ရက်၊ နံနက် ၉ နာရီအချိန် က တလန်လိုရပ်ကွက်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ဦးဗန်ကြီးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောထွန်း ဝင်း က "အနာဂတ်ကာလမှာတိုင်းပြည်ရဲ့တာဝန်ကို ပခုံးပြောင်းတာဝန်ယူကြရမည့် ရင်နှစ်သည်းချာ သားငယ်သမီးငယ်များ ပညာသင်ယူခွင့်ရှိတဲ့နေ့ဖြစ်ကြောင်း၊ အရှိန်အဟုန်နဲ့ ပြောင်းလဲတိုးတက်နေသည့် ကမ္ဘာ့နိုင်ငံ အသီးသီးကပညာရေးစနစ်ကို ရင်ပေါင်တန်းနိုင်အောင် ၂၀၁၆ ခုနှစ်ကစပြီး ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံပညာရေးစနစ်ကို သင်ရိုးသစ်တစ်ခုစတင်ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ဒါကြောင့် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်နောက်ပိုင်းမှာ အားလုံးဟာ ခေတ်မီတဲ့သင်ရိုးသစ်ပညာရေး စနစ်အဖြစ် ပြောင်းလဲပြီးဖြစ်သွားမှာ ဖြစ်ကြောင်း၊ ယခင်က ဆရာဗဟိုပြု သင်ကြားတဲ့စနစ်ကနေ ယခုအခါကလေးဗဟိုပြုသင်ကြားရေးစနစ်အဖြစ် ပြောင်းလဲနေခြင်းပဲဖြစ်ကြောင်း၊ ဒီစနစ်ဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများကျင့်သုံးတဲ့ပညာရေးစနစ်လည်းဖြစ်ကြောင်း၊ "စာပေမြင့်မှ လူမျိုးတင့်မည်" ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ နိုင်ငံတော်အစိုးရအနေနဲ့ လူတိုင်းစာတတ်မြောက်ရေး "လူတိုင်းအတွက်ပညာရေး" အစီအစဉ်ကို ရေးဆွဲပြီး အကောင်အထည်ဖော်လျက် ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ဖလမ်းခရိုင် ပညာရေးမှူး ဦးခေါဂေကီး က ခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးအစီအစဉ်၊ မိဘ၊အုပ်ထိန်းသူ၊ ပြည်သူများအား မေတ္တာရပ်ခံချက်များ၊ ကျောင်းအုပ်၊ ဆရာ/မများအားလုံးနှင့် အရာထမ်းအမှုထမ်းများအားလုံး လိုက်နာရန်အချက်များကို ပြောကြားသည်။
ထို့နောက်နိုင်ငံတော်မှချီးမြှင့်သည့် ပုံနှိပ်စာအုပ်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ဗလာစာအုပ်များကို အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်ညီ၊ ခဲတံများကို အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီးဝင်းဇော်လတ် တို့က ပေးအပ်ကြရာ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးများက လက်ခံရယူကြသည်။
အခမ်းအနားသို့ ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
ကိုရှိန်း