သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း ကွင်းဆင်းဆောင်ရွက်

မောက်မယ် မေ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ တိုင်းရင်းသား လုပ်သားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ရေး အရှိန်အဟုန်မြှင့်တင်၍ ယခုမိုးဦးကာလတွင် ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ၊ ဝမ်းကိုက်ဝမ်းလျှောရောဂါများ ကြိုတင်ကာကွယ်နှိမ်နှင်းရေး၊ ပိုးလောက်လန်းမှအစ ခြင်ပေါက်ဖွားမှု မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပူးပေါင်းအဖွဲ့တို့သည် ယနေ့နံနက် ၇နာရီမှစ၍ တောင်မြို့ ရပ်ကွက်အတွင်း (စနေနေ့တိုင်း) ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ ပူးပေါင်းအဖွဲ့တို့က အိမ်တိုင်းတွင်ထားရှိသော ဘုရားပန်းအိုးများ၊ မိုးရေများ တင်ကျန်နိုင်သည့် တာယာခွံ၊ ရေအိုးဟောင်းများနှင့် ဘူးခွံများတွင် ရေများတာရှည်စွာ မထားနိုင်ရေး ဆောင်ရွက်ပေးကြရန်၊ အိမ်ခြံဝန်းအတွင်းရှိ အမှိုက်ခြုံနွယ် ပေါင်းမြက်များ ရှင်းလင်းစေခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်စေခြင်း၊ ပိုးလောက်လန်းသေ (Abate) အဘိတ်ဆေးများ ခတ်ပေးခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်စေရေး၊ ကျန်းမာရေးဝန်ထမ်းများတို့က အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်