တာချီလိတ်မြို့ ရေကြီးရေလျှံမှုမှကာကွယ်ရန် နန့်ယွမ်းချောင်းပြန်လည်တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်

တာချီလိတ် မေ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မိုးများသည်းထန်စွာရွာသွန်းပါက ရေကြီးရေလျှံမှု ဖြစ်ပေါ်ခြင်းမှကာကွယ်ရန် နန့်ယွမ်းချောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို စက်ယန္တရားအကူအညီဖြင့် ယနေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်မှဖြတ်သန်းစီးဆင်းလျက်ရှိသော နမ့်ယွန်းချောင်းသည် အမှိုက်များပိတ်ဆို့ခြင်း၊ နုံးများပိတ်ဆို့ခြင်း၊ အနည်များမြင့်တက်လာခြင်းများကြောင့် တိမ်ကောလျက်ရှိရာမိုးများသည်းထန်စွာရွာသွန်းပါက မိုးရေများစီးဆင်းမှုမရှိခြင်းကြောင့် ရေကြီးရေလျှံမှုကိုအဓိက ဖြစ်စေသောချောင်းဖြစ်ကြောင်း သိရသည်။

မိုးများရွာသွန်းပါက ရေကြီးရေလျှံမှုမှကာကွယ်ရန် တိမ်ကောလျက်ရှိသော နန့်ယွမ်းချောင်း ပြန်လည်တူးဖော်ရေးနှင့် မြောင်းများပြန်လည်တူးဖော်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် စည်ပင်သာယာရေးဌာနမှ စက်ယန္တရားအကူအညီဖြင့် အ ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒုတိယအကြိမ် တာဝန်ရှိသူများနှင့် ပြည်သူများပူးပေါင်းဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ ယခုကဲ့သို့ပြန်လည်တူးဖော်ခြင်းကြောင့် မိုးများသည်းထန်စွာရွာသွန်းခဲ့သော်လည်း အချိန်အနည်းငယ်အတွင်း ရေများပြန်လည်ကျဆင်းကာ ရေကြီးရေလျှံမှုကို လျော့နည်းကျဆင်းစေခဲ့ကြောင်း၊ ဆက်လက်၍ တိမ်ကောနေသောနန့်ယွမ်းချောင်းပြန်လည်တူးဖော်ရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဌာန တာဝန်ရှိ သူတစ်ဦ:ထံမှသိရသည်။

တာချီလိတ်မြို့ သန့်ရှင်းသာယာလှပရေး၊ ရေနုတ်မြောင်းများရေစီးရေလာကောင်းမွန်စေရေး၊ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် လျော့နည်းကျဆင်းစေရေးတို့အတွက် အပတ်စဉ်စနေနေ့ တိုင်းလုပ်ဆောင်လျက်ရှိရာခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၏ ဦးဆောင်မှုဖြင့် နယ်မြေခံတပ် ဗိုလ်ချုပ်ကြီးမြင့်မြင့်ထွန်းနှင့် တပ်မတော်သားများ၊ စည်ပင်သာယာ​ရေးဌာနမှဝန်ထမ်းများ ဌာနဆိုင်ရာများနှင့် အရန်မီးသတ်၊ ကြက်ခြေနီ၊ ပရဟိတအသင်းများဖြစ်သောမေတ္တာရှင်၊ ရွှေတာချီ၊ တာချီလိတ်နာရေးကူညီမှုအသင်းနှင့် ရပ်ကွက်နေပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယာဆေး( ပြန်/ဆက်)