သရက်ချောင်းမြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ

သရက်ချောင်း       မေ   ၂၈

ဒေသခံပြည်သူများ သစ်တော၊ သစ်ပင်များ၏တန်ဖိုးကို အလေးထား သိရှိနားလည် နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ် အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့ နံနက်(၈)နာရီက  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ရပ်ကွက်၊ (အမက) ကျောင်းဝင်းအတွင်း၌ ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ ခဲ့ကြောင်းသိရသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊  လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရဖများက သတ်မှတ်ထားသော နေရာများတွင် ပျိုးပင်အမျိုး အစား(၅)မျိုး စုစုပေါင်း ပျိုးပင်(၂၀၀)ပင်အားစုပေါင်း စိုက်ပျိုးပေး ခဲ့ကြသည်။

သစ်ပင်လေးတွေစိုက်ကြမယ် တို့ကမ္ဘာလေးလှဖို့ကွယ်၊ သက်ရှိလောက တည်မြဲဖို့၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့၊ ဇီဝမျိုးစုံကြွယ်ဝဖို့ သဘာဝတောတွေထိန်းသိမ်းစို့၊ သစ်တော သစ်ပင်ကျေးဇူးရှင် ထိန်းသိမ်းကြစို့ ထာဝစဉ်၊  ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း စသည့်ဆောင်ပုဒ်နှင့်အညီ ဆင်ဖြူပြင်ရပ်ကွက်၊ (အမက)ကျောင်းဝင်း အတွင်း ကျွန်း(၁၀)ပင်၊ ပျဉ်းကတိုး(၅၀) ပင် ၊စိန်ပန်း(၇၀)ပင်၊ ငုဝါ(၄၀)ပင်၊  ပိတောက်(၃၀)ပင်၊  စုစုပေါင်းပျိုးပင်(၂၀၀)ပင်အားစိုက်ပျိုးပေးခဲ့ကြောင်းသတင်းရရှိသည်။

 နန်းခလိုက်(သရက်ချောင်း)