လားရှိုး မေ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တက္ကသိုလ်အသီးသီးတွင် တက်ရောက်သင်ကြားလျက်ရှိသောကျောင်းသား၊ ကျောင်းသူများအေးချမ်းပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်း အချိန်ကလားရှိုးမြို့ရှိတက္ကသိုလ်များသို့ သွားရောက်၍ သက်ဆိုင်ရာတက္ကသိုလ်ရှိ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံကာ စားသောက် ကုန် ပစ္စည်းများ၊ ပါးစပ်နှာခေါင်းစည်း Mask များနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ နည်းပညာတက္ကသိုလ်(လားရှိုး)၊ စာကြည့်တိုက်ခန်းမ၌ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် စားသောက် ကုန်ပစ္စည်းများ၊ Mask များနှင့်အားကစား ပစ္စည်းများထောက်ပံ့ပေးအပ်ရာ ပါမောက္ခချုပ် ဒေါက်တာမျိုးဇော်မင်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။ ထို့နောက်ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် လားရှိုးတက္ကသိုလ်များသို့ သွားရောက် ၍ ပါမောက္ခချုပ်နှင့် ပါမောက္ခ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကာ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ စားသောက်ကုန်ပစ္စည်းများ၊ Maskများနှင့် အားကစားပစ္စည်းများအားတိုင်းမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ရာ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ် များက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထိုသို့သွားရောက်တွေ့ဆုံရာတွင် တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ပါမောက္ခဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး