တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက်အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ်         မေ   ၂၈

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက်အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲသို့ တက်ရောက်လာသည့် ထားဝယ်​မြို့နယ်အသင်းနှင့် ကော့သောင်းမြို့နယ် အသင်းတို့၏ ယှဉ်ပြိုင်ကစား နေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစား သမားများနှင့် အားကစား ဝါသနာရှင်များက ကြည့်ရှု အားပေးရာ ထားဝယ်မြို့နယ်အသင်းက (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိသည်။

ထို့နောက်ဆုချီးမြှင့်ပွဲ အခမ်းအနားကိုဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေက ပြိုင်ပွဲတစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီ တပ်ဖွဲ့အား ဂုဏ်ပြုဆုငွေကိုလည်းကောင်း၊  တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ချိုက ရှေ့တန်းအကောင်းဆုံးဆုကိုလည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းက အလယ်တန်း အကောင်းဆုံး ဆုကိုလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ ကနောက်တန်း အကောင်းဆုံးဆု ကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ကျော် ကဂိုးအကောင်းဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုကိုလည်းကောင်း၊ သယံဇာတ ရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ဒုတိယဆုရရှိသည့် ကော့သောင်း မြို့နယ်အသင်း အားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းက ပထမဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းအားလည်းကောင်း တစ်ဦးချင်းဆု နှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ပထမဆုရရှိသော ထားဝယ်မြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့််ခဲ့ ကြောင်း သတင်း ရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)