ဟိုပန်မြို့နယ်၌ အခြေခံရှမ်းစာပေ သင်တန်းဆင်းပွဲ အခမ်းအနား  ကျင်းပ

ဟိုပန် မေ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ မိန်းပန်းရှမ်းရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်၌ ယမန်နေ့မွန်းလွဲပိုင်းက အခြေခံရှမ်းစာပေ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းဆာထွန်းက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြ ဆရာမတစ်ဦးက အခြေခံရှမ်းစာပေသင်ကြား​ပေးခဲ့ခြင်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဟိုပန်မြို့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က အခြေခံရှမ်းစာပေများ သင်ကြားခဲ့မှုတွင် အဆင့်အလိုက်ထူးချွန်ဆုရရှိခဲ့သည့် သင်တန်းသား/သူများအားဆုများနှင့် မေတ္တာလက်ဆောင်များချီးမြှင့်ပေးအပ်ခဲ့ကြပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ အခြေခံရှမ်းစာပေသင်ကြားပေးခဲ့ကြသည့် သင်တန်းနည်းပြဆရာ/ဆရာမများအား ဂုဏ်ပြုလက်မှတ်နှင့်ဆုတော်ငွေများ ၊ မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့ကာ​သင်တန်းသား/သူများက ရှမ်းရိုးရာ အလှအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

အဆိုပါ သင်တန်းကို ဟိုပန်မြို့နယ်၊ မိန်းပန်ရှမ်းရပ်ကွက်နေ ဒေသခံရှမ်းတိုင်းရင်းသားများက စီစဉ်၍ အ​ခြေခံရှမ်းစာ​ပေတက်မြောက်ကြစေရန်နှင့် တန်ဖိုးထားထိန်းသိမ်းတက်ကြစေရန်တို့ကို ရည်ရွယ်ပြီး ဧပြီလ(၂၇)ရက်နေ့မှ ယနေ့အထိ (၁)လကြာ ဖွင့်လှစ်သင်ကြား​ပေးခဲ့ကာ ရှမ်း တိုင်းရင်းသားများ လူငယ်၊လူရွယ် သင်တန်းသား/သူ(၇၀)ဦးတက်ရောက်ခဲ့ကြောင်း ဟိုပန်မြို့နယ်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)