ပူတာအိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်/မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ပူတာအို မေ ၂၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညသင်နှစ် ခရိုင်/မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက်()နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်ကိုလတ်က ပူတာအိုခရိုင်တွင် အထက်တန်းအဆင့်(၂၃)ကျောင်း၊ အလယ်တန်းအဆင့်(၅၃)ကျောင်း၊ မူလတန်းအဆင့် (၁၉၅)ကျောင်းရှိပြီး ပူတာအိုမြို့နယ်တွင် ကျောင်းပေါင်း(၉၆)ကျောင်းရှိပါကြောင်း၊ ကျောင်းနေပျော်၍ ပညာတတ်ရန်အတွက် ဆရာ/မများ၊ ကျောင်းအုပ်ကြီးများကလည်း နိုင်ငံ တော်၏စိတ်စေတနာကိုအလေးထားပြီး ခံယူချက်သစ္စာမှန်စွာဖြင့် ပညာရေးကို စောက်ချလုပ်ဆောင်ပေးကြရမှာဖြစ်ပါကြောင်း၊ ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခမဲ့ကျောင်းအပ်နှံကြရမှာဖြစ်ပြီး ပုံနှိပ်စာအုပ်၊ စာရေးကိရိယာများကိုပါ အခမဲ့ထောက်ပံ့ရရှိမှာဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးနိုင်ဝင်းအောင်က ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ပညာ ရေးဌာန၏ရည်မှန်းချက်၊ ကျောင်းအပ်နှံရေးအတွက် ဆောင်ရွက် နေမှုများ၊နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေး ကိရိယာများရောက်ရှိမှုနှင့် မြို့နယ်များသို့ ဆက်လက်ဖြန့်ဝေပေးနေမှုအခြေအနေများ ဆရာ/မများ နှင့် ကျောင်းသားကျောင်းသူများ၊မိဘအုပ်ထိန်းသူများသိရှိထားသင့်သည့် ယနေ့ပညာရေးစနစ် အကြောင်းများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်တာဝန်ရှိသူများက နိုင်ငံတော်မှအခမဲ့ထောက်ပံ့သည့် ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများနှင့် အလှူရှင်များမှထောက်ပံ့ပေးအပ်သည့် ဗလာစာအုပ်များနှင့် စာရေးကိရိယာများကို ကျောင်းသူကျောင်းသားများထံ ထောက်ပံ့ပေးအပ်ပြီး ဖျော်ဖြေရေးအစီအစဉ်ဖြင့် ဆရာ/မများနှင့် ကျောင်းသူကျောင်းသားများက ရှမ်း/ဂျိမ်းဖောရိုးရာအကအလှများနှင့် မြန်မာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကာ အခြေခံပညာအထက်တန်းကျောင်း (ပူတာအို) ကျောင်းအုပ်ဆရာကြီး ဦးဆိုင်းခွမ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပြန်/ဆက်)