မြိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးလက်ကမ်းစောင်များ စဉ်ဆက်မပြတ် ဖြန့်ဝေလျက်ရှိ

မြိတ်  မတ်  ၁၉

ကိုရိုနာဗိုင်းရပ်စ်  ကြိုတင်ကာကွယ်သည့် ပညာပေးလက်ကမ်းစာစောင်များကို မြိတ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ပြည်သူများ နေ့စဉ်လှုပ်ရှားသွားလာလျက်ရှိသော နေရာများတွင် ဖြန့်ဝေလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကမ်းနားလမ်းနှင့် တံတားများတွင် သွားလာလျက်ရှိသော ပြည်သူများနှင့် ခရီးသွားပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်သည့် ပညာပေးလက်ကမ်းစာစောင်များကို ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ မတ်လ(၁၆)ရက်နေ့မှ စတင်ကာ စာသင်ကျောင်းများ၊ ရပ်ကွက်များရှိ၊ လက်ဖက်ရည်ဆိုင်များရှိ ပြည်သူများကို ဖြန့်ဝေပေးခဲ့ကြပြီး နန်းတော်ရာကျေးရွာသို့ သွားရောက်၍  ကျေးရွာပြည်သူများအား ကိုရိုနာဗိုင်းရပ်စ်အကြောင်း ပညာပေးဟောပြောခဲ့ပြီး ကားလမ်းတစ်လျှောက် လက်ဖက်ရည်ဆိုင်များတွင်လည်း ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကမ္ဘာတစ်လွှားဖြစ်ပွားနေမှု အခြေအနေများ၊ ကိုရိုနာဗိုင်းရပ်စ်အကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများနှင့် ကူးစက်နိုင်သည့်အခြေအနေများ၊ ရောဂါမကူးစက်အောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ခရီးသွားများအတွက် ကျန်းမာရေး အကြံပြုချက်များပါရှိသည့် ပညာပေး လက်ကမ်းစာစောင်ဖြစ်ကာ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များမှ ဆက်လက်ပြီး အဝေးပြေးကားဝင်း၊ ဈေးဝယ်စင်တာများ၊ ပြည်သူများ သွားလာလျက်ရှိသည့် နေရာများတွင်လည်း ပညာပေးလက်ကမ်းစာစောင်များအား စဉ်ဆက်မပြတ် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး  (မြိတ် ပြန်/ဆက်)