ဟိုပန် မေ ၂၈
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်အတွင်းရှိ ပစ္စည်းအဟောင်းဆိုင်များနှင့် ပတ်သက်သည့် အစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ယမန်နေ့မွန်းလွဲ (၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟိုပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲဝင်းထိုက်က ဟိုပန်မြို့နယ်အတွင်းရှိ ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသော ပစ္စည်းအဟောင်းဆိုင်များအနေဖြင့် ပစ္စည်းအဟောင်းများဝယ်ယူရာ၌ အများပြည်သူနှင့်သက်ဆိုင်သော နေရာများဖြစ်သည့် ဘုန်း တော်ကြီးကျောင်း၊ Church ကျောင်း၊ ပန်းခြံ၊ ကလေးကစားကွင်းနှင့် နေအိမ်များ၌ရှိသည့် ပြည်သူပိုင်ပစ္စည်းများ၊ ခိုးရာပါပစ္စည်းများဝယ်ယူခြင်းမပြုကြရန်နှင့် အဆိုပါပစ္စည်းများကို လက်ခံဝယ်ယူမိပါက ပစ္စည်းအဟောင်းဝယ်ယူသူများသာ နစ်နာမည်ဖြစ်ပါကြောင်း၊ ပစ္စည်းအဟောင်းများ လာရောက်ရောင်းချပါက သက်ဆိုင်ရာဌာနများသို့ သတင်းပေးပို့ကြပါရန်နှင့် လိုက်နာ ဆောင်ရွက်မှုမရှိပါက ပြည်သူပိုင်ပစ္စည်းများ ကာကွယ်ရေးအက်ဥပဒေ၆(၁)အရ အရေးယူ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း သတိပေးပြောကြားသည်။
ဆက်လက်၍ ဟိုပန်မြို့နယ် ၊ စည်ပင်သာယာရေးဌာနမှ အမူဆောင်အရာရှိ ဦးနိုင်မျိုးဦးက ပစ္စည်းအဟောင်းဆိုင်များ၏ လုပ်ငန်းလိုင်စင်များအကြောင်းနှင့် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး ဟိုပန်မြို့နယ်အတွင်းရှိ ပစ္စည်းအဟောင်းဆိုင် လုပ်ကိုင်ဆောင်ရွက်နေသည့်ဆိုင်ရှင်များက မရှင်းသည်များကို မေးမြန်းတင်ပြခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးဖြေကြားခဲ့သည်။
ထို့နောက် ဟိုပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပစ္စည်းအဟောင်းဆိုင်များအနေဖြင့် ဥပဒေ များကို အလေးထားလိုက်နာကြရန်နှင့် အရောင်းအဝယ်ပြုလုပ်ရာ၌ ဥပဒေနှင့်မလွတ်ကင်းသည့် ပစ္စည်းများ၊ အများပြည်သူပိုင်ပစ္စည်းများ ပါဝင်မှုမရှိစေရေးတို့ကို သက်ဆိုင်ရာဌာနတာဝန်ရှိ သူများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ဟိုပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဟိုပန်မြို့နယ် အတွင်းရှိပစ္စည်းအဟောင်းဆိုင် အရောင်းအဝယ် လုပ်ကိုင်ဆောင်ရွက်နေသူများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)