ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌  သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်န်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဒဂုံမြောက် မေ ၂၈

မိုးရာသီရောက်ရှိလာပြီဖြစ်သဖြင့် မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သော ရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့်ခြင်မှ ဖြစ်ပွားတတ်သည့် ရောဂါများမဖြစ်ပွားစေရန်ရည်ရွယ်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ (၃၅)ရပ်ကွက်၊ နဝဒေးလမ်းနှင့် (၃၇) ရပ်ကွက်၊ ပြည်ထောင်စုလမ်းတို့၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က နေအိမ်များတွင် ခြင်ဆေးဖြန်းခြင်း၊ ရေစည်၊ ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဒေါ်စန်းစန်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများက အဖွဲ့နှစ်ဖွဲ့ခွဲ၍ အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် ရေးနည်းလမ်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းစဉ်များအားအသိပညာပေးဆွေးနွေးခဲ့ပြီး ကျန်းမာရေးမှူး ဒေါ်စန်းစန်းဦးက “သွေးလွန်တုပ်တွေးရောဂါနှင့် ခြင်မှ ဖြစ်ပွားတတ်တဲ့ ရောဂါများကင်းဝေးစေရန် ရပ်ရွာအုပ်ချုပ်ရေးမှူးများဦးဆောင်ပြီး ပြည်သူလူထုက မိမိပတ်ဝန်းကျင်မှာ မိုးရွာလာပါကရေတင်ကျန်နိုင်တဲ့ပစ္စည်းများ၊ အမှိုက်များကို ရှင်းလင်းပေးရမှာ ဖြစ်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ အိမ်ရှင်များကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသွာရမှာဖြစ်ပါတယ်၊ ကျောင်းများမှာလည်း သန်ရှင်းရေးဆောင်ရွက်တဲ့အချိန်တွေမှာ ကျောင်းသားကျောင်းသူများ ကိုယ်တိုင်ပါဝင်လိုက်ပါဆောင်ရွက်ခြင်းဖြင့် ကျန်းမာ‌ရေးအသိပညာမြှင့်တင်‌ပေးခြင်း၊ ရေအိုး ရေကန်ငယ်များ၊ ကျောင်းအိမ်သာရေအိုးများမှာ ပိုးလောက်လန်းများ ရှိမရှိစစ်ဆေးခြင်း၊ရေအိုးရေကန်များကိုပွတ်တိုက်ဆေးကြောခြင်းတို့ကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်စေခြင်း၊ ရှာဖွေဖယ်ရှားခြင်းတို့ကို အသိပညာပေးဆောင်ရွက်သွားရမှာဖြစ်ပါတယ်၊ ဒါမှ ခြင်ကျားကင်စင်တဲ့ကျောင်းများ ဖြစ်လာမှာဖြစ်ပါတယ် ဟုပြော ကြားသည်။

မြင့်မြင့်ရီ