မြိတ် မေ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ သံဃာ့ဆေးရုံတွင် ရဟန်း၊ ရှင်၊ လူ ပြည်သူများအား မျက်စိရောဂါဝေဒနာများ ခွဲစိတ်ကုသပေးမည့် သီတဂူစက္ခုဒါနဆေးရုံကို သီတဂူဆရာတော်၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ဆေးရုံခွဲစိတ်ဆောင်၊ နားနေဆောင် အဆောက်အဦများကို ယမန်နေ့ နေ့လယ်ပိုင်းက သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ကြွရောက်ကြည့်ရှု လမ်းညွှန်ဩဝါဒမိန့်ကြား ခဲ့သည်။
ရှေးဦးစွာ သီတဂူစက္ခုဒါနဆေးရုံတွင် သီတဂူဆရာတော်အား မြိတ်မြို့ရှိ ဆရာတော် သံဃာတော်များ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဧည့်ပရိတ်သတ်အပေါင်းတို့က ကြည်ညိုကြိုဆိုခဲ့ကြပြီး ရဟန်း၊ ရှင်၊ လူ ပြည်သူများအား မျက်စိရောဂါဝေဒနာများ ခွဲစိတ်ကုသပေးမည့် သီတဂူစက္ခုဒါနဆေးရုံ ခွဲစိတ်ခန်း၊ လူနာနားနေဆောင်များအား သီတဂူဆရာတော်မှ ကြွရောက်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မိန့်ကြားခဲ့သည်။
ထိုနောက် သီတဂူဆရာတော်ဘုရားထံ ဩဝါဒခံယူခဲ့ကြရာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလ ကန်သာကျောင်းတိုက် ဆရာတော်က သရဏီယကထာ လျှောက်ထား၍ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာရဒ မော်တောင်ကျောင်းတိုက် ဆရာတော်က သီတဂူစက္ခုဒါန ဆေးရုံဆိုင်ရာ ဆောင်ရွက်ချက်များကို လျှောက်ထားသည်။
ဆက်လက်၍ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိဒေါက်တာ အရှင်ဉာဏိဿရ (Ph.D,D.Lt) သီတဂူဆရာတော်အား စေတနာရှင်(၁၆)ဦးက အလှူတော်ငွေ စုစုပေါင်း (၁၈၃)သိန်း လှူဒါန်းခဲ့ကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် ဧည့်ပရိတ်သတ်အပေါင်းတို့က သီတဂူ ဆရာတော်ဘုရားကြီးထံမှ ဩဝါဒခံယူကြ၍ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူခဲ့ကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ သီတဂူအဓိဌာန်ဖြင့် အခမ်းအနားရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )