ကျောက်ဆည်မြို့နယ် လယ်ကြီးကျေးရွာတွင် ပဉ္စမအကြိမ် မြစိမ်းရောင်စီမံကိန်းချေးငွေများ ထုတ်ချေးပေး

ကျောက်ဆည်  စက်တင်ဘာ  ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်းလာစေရေးအတွက် ရည်ရွယ်ပြီး အရင်းမပျောက်မတည်လည်ပတ်ရန်ပုံငွေ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ်(၃၀၀)ကို ဖွံ့ဖြိုးမှုနည်းသည့် ကျေးရွာများအား ရွေးချယ်ပြီး ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်(၁၀) နာရီက လယ်ကြီးကျေးရွာတွင် စီမံကိန်း ချေးငွေများ ပဉ္စမအကြိမ်အဖြစ် ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့စီမံကိန်းငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးနှင့်ဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအတိုင်း ဆောင်ရွက်ခဲ့ပြီး (အေ)အဆင့် စိုက်ပျိုးရေးလုပ်ကိုင်သူတစ်ဦးလျှင် ငွေကျပ်(၄)သိန်းနှုန်းဖြင့် (၁၄)ဦးအတွက် ငွေကျပ်(၅၆)သိန်း၊ (ဘီ)အဆင့် စိုက်ပျိုးရေးလုပ်ကိုင်သူတစ်ဦးလျှင် ငွေကျပ်(၃) သိန်းနှုန်းဖြင့် (၃၀)ဦးအတွက် ငွေကျပ်သိန်း(၉၀)၊ (အေ)အဆင့် မွေးမြူရေးလုပ်ကိုင်သူတစ်ဦးလျှင် ငွေကျပ်(၃) သိန်းနှုန်းဖြင့် (၄၇)ဦးအတွက် ငွေကျပ်(၁၄၁)သိန်း၊ (ဘီ)အဆင့် မွေးမြူရေးလုပ်ကိုင်သူ (၆၅)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၂)သိန်းနှုန်းဖြင့် ငွေကျပ်သိန်း(၁၃၀)၊ စုစုပေါင်း အိမ်ထောင်စု(၁၅၆)စုအတွက် ငွေကျပ်သိန်း ပေါင်း(၄၁၇)သိန်းကျပ်ကို ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါလယ်ကြီးကျေးရွာတွင် အိမ်ခြေ၊အိမ်ထောင်စု(၁၈၅)စုရှိပြီး လူဦးရေ(၈၀၀)ဦး နေထိုင်လျှက်ရှိကာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုသည့် ကျေးရွာတစ်ရွာ ဖြစ်ကြောင်းလည်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)