မိုးညှင်းမြို့တွင် ဒေသခံပြည်သူများ သိရှိလိုက်နာစေရန် လူကုန်ကူးမှုအသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူ

မိုးညှင်း မေ ၂၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ဒေသခံပြည်သူများ သိရှိလိုက်နာဆောင်ရွက်စေရန် လူကုန်ကူးမှု အသိပညာပေးဆိုင်းဘုတ်ကို ယနေ့နံနက် (၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံရှေ့နှင့် စုပေါင်းရုံးရှေ့တို့တွင် စိုက်ထူပြသထားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆိုင်းဘုတ်တွင် လူကုန်ကူးမှုနှင့် ပတ်သက်သည့် ဆောင်ပုဒ်များ၊ ဆောင်ရန် ရှောင်ရန်များ၊ ဥပဒေနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုခံရလျှင် တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များစသည့် အကြောင်းအရာများကို ခရိုင်ပြည်သူ့ဆေးရုံသို့ လာရောက်ကြသည့် ပြည်သူများ၊ ခရိုင်စုပေါင်းရုံးရှိ အခြားဌာနအသီးသီးနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့တွင် မှတ်ပုံတင်လာလုပ်ကြသည့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ရည်ရွယ်၍ စိုက်ထူပြသခဲ့သည်။

အဆိုပါ အသိပညာပေး ဆိုင်းဘုတ်များစိုက်ထူပြသရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အတွင်းရေးမှူး ဒုတိယရဲမှူးကြီး သိန်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုနှင့် အဖွဲ့ဝင်ဗိုလ်မှူးအာကာဦး၊ ခရိုင်ပြည်သူ့ဆေးရုံမှ ဒေါက်တာအောင်နိုင်ထွန်း၊ မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ ဦးခင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် (မိုးညှင်း)မှ ရဲအုပ်တင့်လွင်ဦးဆောင်သည့် အဖွဲ့ဝင်တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)