တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံလက်ခံခြင်းများ စတင်ဆောင်ရွက်

တောင်ဥက္ကလာပ   မေ  ၂၇

၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ကျောင်းနေအရွယ် ကလေးငယ် အားလုံး ပညာသင်ယူခွင့်ရရှိဖို့  ကျောင်းအပ်နှံကြပါစို့”     ဆောင်ပုဒ်နှင့်အညီ တောင်ဥက္ကလာပမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံလက်ခံခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

တောင်ဥက္ကလာပမြို့နယ်ရှိ အခြေခံပညာကျောင်း (၄၃) ကျောင်း၌ KG တန်းမှ GRADE-11 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင် ဆရာ၊ ဆရာမများအနေ ဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး၊ ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များ၊ ခဲတံနှင့်‌‌ဘောပင်များ ကို (အခမဲ့) ထုတ်ပေးလျက်ရှိသည်။

တောင်ဥက္ကလာပမြို့နယ်တွင်  အခြေခံပညာအထက်တန်းကျောင်း (၅) ကျောင်း၊  အလယ်တန်းကျောင်း (၈) ကျောင်း၊ မူလတန်းကျောင်း (၃၀) ကျောင်းတို့၌ မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့်  ဇွန်လ ၂ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်း အားလုံးဖွင့်လှစ်သင်ကြားပေးနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခင်‌ဆွေနှင်း