မိုင်းဖြတ်မြို့နယ်၌ တောင်သူ (၁၇)ဦးအား မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေများထုတ်ပေး

မိုင်းဖြတ် မေ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်ကျိုင်းတုံမြို့၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ခွဲမှ တောင်သူများအားမိုးရာသီစိုက် ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် ကျိုင်းတုံခရိုင်ဘဏ်ခွဲ၊ မြန်မာလယ်ယာဖွံ့ ဖြိုးရေးဘဏ်မှ မန်နေဂျာ ဦးကျော်လွင်အောင်က နိုင်ငံတော်က တောင်သူများအဆင်ပြေစေရေးအတွက်အတိုးနှုန်းသက်သာစွာဖြင့် စိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးရခြင်း၏ရည်ရွယ်ချက်များ၊ စိုက်ပျိုးမြေဧကအလိုက် ချေးငွေနှုန်းထားများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က စိုက်ပျိုးရေးစရိတ်ချေးငွေများကို တောင်သူများအကျိုးရှိစွာ သုံးစွဲနိုင်ရေးနှင့်စပ်လျဉ်းပြီး အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ခရိုင်မန်နေဂျာ ဦးကျော်လွင်အောင်နှင့် ဝန်ထမ်းများက မိုင်းဖြတ်ကျေးရွာအုပ်စု၊ နမ့်ကုန်းအုပ်စု၊ မိုင်းဟဲအုပ်စုအတွင်းရှိ တောင်သူများအား(၁၇)ဦးအား စိုက်ပျိုးဧက (၁)ဧကလျှင် ငွေကျပ် ၁၅၀၀၀၀နှုန်းဖြင့် စိုက်ပျိုးဧက (၉၆)ဧကအတွက် ငွေကျပ် (၁၄၄)သိန်းကို တောင်သူများလက်ဝယ်အရောက် ထုတ်ချေး ပေးခဲ့သည်။ အဆိုပါထုတ်ချေးပေးသည့် စိုက်ပျိုးရေးစရိတ်ချေးငွေမှာတစ်နှစ်လျှင် အတိုး (၅)ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။            

သန်းထွန်းအေး