ဘားအံ မေ ၂၇
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီး ပေးရေးလုပ်ငန်းကော်မတီနှင့် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံကွန်ပျူတာသင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ) ADRA (အက်ဒရာ) ခန်းမ၌ ကျင်းပသည်။
ဒေသတွင်းလူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေပြီး လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိကာ တစ်ဦးချင်းဝင်ငွေများတိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့်သင်တန်းများဖြစ်ပြီး သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ သင်တန်းဆင်းကြမည့် သင်တန်းသား၊ သင်တန်းသူများသည် အသက်(၁၄)နှစ်မှ (၁၈)နှစ်အရွယ် ကလေးသူငယ်များဖြစ်ကြပြီး သက်မွေးပညာရပ်များကို ကြိုးစားသင်ယူတတ်မြောက်ပြီးစီးသွားသည့်အတွက် အထူးပင်ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ အသက်ငယ်ရွယ်စဉ် လေ့လာသင်ယူခဲ့သည့်ပညာရပ်များ၏ အသီးအပွင့်များကို တစ်နေ့ပြန်လည်ခံစားကြရမည်ဖြစ်ပြီး သင်ယူလေ့လာပြီးသည့် ပညာရပ်များကိုရပ်မထားဘဲ ဆက်လက်လေ့လာဆည်းပူးကြစေလိုကြောင်း၊ သင်ယူရရှိခဲ့သည့် အသိပညာ၊ ဗဟုသုတနှင့်ကျွမ်းကျင်မှုများကို အသုံးချ၍ ဒေသအကျိုးရပ်ရွာအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းတို့ကအခြေခံကွန်ပျူတာသင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်းတို့မှ ထူးချွန်သင်တန်းသား၊သင်တန်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူး ကြီး မျိုးမင်းနောင်က သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ကာ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က သင်တန်းနည်းပြများအား ဂုဏ်ပြဆု များပေးအပ်ချီးမြှင့်သည်။
ယင်းနောက် သင်တန်းဆင်း သင်တန်းသား၊သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲပြီး ယနေ့သင်တန်းဆင်းပွဲတွင် အခြေခံကွန်ပျူတာ သင်တန်း၌ သင်တန်းသား၊သင်တန်းသူ ၄၀ ဦး၊ အခြေခံစက်ချုပ်သင်တန်းတွင် သင်တန်းသား (၁)ဦး၊ သင်တန်းသူ(၁၁)ဦးတို့ သင်တန်းဆင်းခဲ့ကြကြောင်းနှင့် အဆိုပါသင်တန်းကို မေလ ၂ ရက်နေ့မှ ၂၇ ရက်နေ့ထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)