ယခုနှစ်မိုးရာသီတွင် ကရင်ပြည်နယ်အတွင်း ငါးသားပေါက်ကောင်ရေ ၁၂ သိန်းကျော်ငါးမျိုး စိုက်ထည့်ပေးသွားမည်

ဘားအံ မေ ၂၇

ယခုနှစ်မိုးရာသီတွင် ကရင်ပြည်နယ်ရှိ သဘာဝရေပြင်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း ငါးသားပေါက်ကောင်ရေ ၁၂ သိန်းကျော်ကို ငါးမျိုးစိုက်ထည့်ပေးသွားမည်ဖြစ်ကြောင်း ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ ဘားကပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၌ ပြည်နယ်ငါး လုပ်ငန်းဦးစီးဌာနမှကျင်းပသော ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားမှ သိရသည်။

ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ရှင်သန်ပေါက်ပွားရန်အကောင်းဆုံးအရွယ်ရှိသည့် ငါးခုံးမကြီးကောင်ရေ (၂)သိန်းကျော်ကို သံလွင်မြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့်ဂေဟစနစ်ကိုထိန်းသိမ်းပြီး ဒေသတွင်းငါးစားသုံးမှုဖူလုံပိုလျှံရေး နှင့်ငါးသယံဇာတပေါကြွယ်ဝစေရေးအတွက် နှစ်စဉ်ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာယခုနှစ်တွင် ရှင်သန်ပေါက်ပွားရန်အကောင်းဆုံးအရွယ်ရှိသော ငါးသားပေါက်ကောင်ရေ (၃)သိန်းကျော်ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်သည်။

ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန(ရေအရင်းအမြစ်) ဘားကပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းရှင်းလင်းဆောင်၌ မြစ်ရေတင်အကျိုးပြုဧရိယာအတွင်း သီးနှံစိုက်ပျိုးထားရှိမှုအခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)