ဒေါပုံ မေ ၂၇
“ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါဆို့” ဆောင်ပုဒ်နှင့် အညီ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် အခြေခံပညာဦးစီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ထက်၊ လယ်၊ မူ၊ ကျောင်းများ ကျောင်းအပ်နှံရေးအခမ်းအနားအား ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ် ခဲ့သည်။
အခမ်းအနားတွင် ဒေါပုံမြို့နယ်အဆင့် ကျောင်းအပ်နှံရေး သီတင်းပတ်လုပ်ငန်း ကော်မတီ နာယက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်မင်းအေးက အဖွင့်အမှာစကားပြောကြားရာတွင် ကလေးများကျောင်းလာရောက် အပ်နှံရေးအတွက်နှိုးဆော်မှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဖွင့်အမီ ကျောင်းသန့်ရှင်းရေးများကို စုပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့်လည်း အခက်အခဲရှိပါကအချိန်မရွေး ဆက်သွယ်အကြောင်းကြားနိုင်ပါကြောင်းအစရှိသည်ဖြင့်ပြောကြားပြီး၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေး သီတင်းပတ်လုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်ဌေးမူမှ ကျောင်းအပ်နှံရေးနှင့် ကျောင်းဖွင့်လှစ်ခြင်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါက်တာထက်ဉာဏ်လင်းက ကျောင်းကျန်းမာရေး အသိပညာပေးများ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ပညာရေးဝန်ကြီးဌာနမှကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ဖြန့်ဝေပေးသော ကျောင်းသုံးပုံနှိပ် စာအုပ်၊ ဗလာစာအုပ်၊နှင့် ခဲတံများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပေးအပ်ရာ အလက(၂) ကျောင်းအုပ်ဆရာမကြီးမှလက်ခံရယူပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသားကျောင်းသူများအတွက် Mask (၂၅၀၀)ခုနှင့် Handgel 500 ccဘူး(၂၀) တို့ကို ပေးအပ်လှူဒါန်းခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သူဇာ၀င်း