မဟာအောင်မြေမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်

မဟာအောင်မြေ မေ၂၇

မဟာအောင်မြေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများအားလုံး ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

မဟာအောင်မြေမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း(၃)ကျောင်း၊ အထက်တန်း‌ကျောင်း(ခွဲ)(၃)‌ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၄)ကျောင်း၊ မူလတန်း(၂၃)ကျောင်း၊ မူလတန်းလွန်(၃)ကျောင်း၌ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်း ပိုင်ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်း အပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းသား/ကျောင်းသူများအတွက် သူငယ်တန်း (KG) သင်ရိုးသစ်အတွက်ကျောင်းဝတ်စုံ(၁)စုံ၊ ပထမတန်း(Grade 1) သင်ရိုးသစ်မှ ပဉ္စမတန်း(Grade 5)ထိ ဗလာစာအုပ်၊ခဲတံ၊ ကျောင်းဝတ်စုံ(၁)စုံ၊ ဆဋ္ဌမတန်း (Grade 6)သင်ရိုးသစ်မှဧကာဒသမတန်း (Grade-11)သင်ရိုးသစ်အထိ ဗလာ စာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို (အခမဲ့) ထုတ်ပေးလျက်ရှိပြီး ကျောင်းအပ်နှံခြင်းများကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဇွန်လ ၂ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း