တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

တောင်ဥက္ကလာပ မေ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အ‌ခြေခံပညာဦးစီးဌာနက    “ကျောင်းနေအရွယ် ကလေးအားလုံး‌ ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါဆို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ သီရိမြန်မာခန်းမတွင် ယမန်နေ့ နံနက် (၁၀:၃၀) အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ အခမ်းအနားကို မြင်သာမြို့ ဦးဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှ ကျောင်းသားများက ခေါင်းလောင်းသံချိုချိုသီချင်းကို သံပြိုင်သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက ကျောင်းသား၊ ကျောင်းသူများ‌ ကျောင်းအပ်နှံနိုင်ရေး တိုက်တွန်းနှိုး‌ဆော်ရမည်ဖြစ်ကြောင်း၊ ကျောင်းဖွင့်ရာသီ အမီ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဌာနဆိုင်ရာ‌များစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက် လျက်ရှိကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့် အခက်အခဲများရှိပါကလည်း ပူးပေါင်းဆောင်ရွက်ကြ‌စေလိုကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးဝင်းက ကလေးငယ်များ ကျောင်းအပ်နှံနိုင်ရေး ကိစ္စရပ်များနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ ကြောင်းသိရပါသည်။ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များကို ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများလက်ဝယ်သို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ကျောင်းအပ်လက်ခံခြင်းကို ၂၆.၅.၂၀၂၂ မှ ၁.၆.၂၀၂၂ ထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကျောင်းအပ်နှံ ပြီးသည့် ကျောင်းသား၊ ကျောင်းသူများကို ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များ အခမဲ့ပေးအပ် သွားမည်ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ အခမ်းအနားသို့ အရှေ့ပိုင်းခရိုင်ပညာရေးမှူး၊ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးဝဏ္ဏထွန်း၊ မြို့နယ်ရဲမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး၊ မြို့နယ်ပညာရေးမှူး၊ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ စုံညီစွာတက်ရောက်ခဲ့ပြီး မြင်သာမြို့ ဦးဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှ ကျောင်းသားများက ဇာတိမာန်သီချင်းကို သီဆို၍ အခမ်းအနား ပိတ်သိမ်းခဲ့ကြောင်း သတင်းရသည်။

စိုးဝဏ္ဏထွန်း(ပြန်/ဆက်)