တိုက်ကြီး မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် အဖျောက်မြို့ရှိ ရပ်ကွက်/ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းထိုးနှံပေးရာတွင် တိုက်ကြီးမြို့နယ် အဖျောက်မြို့ အမှတ် (၄) ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် လာရောက်ထိုးနှံသူ (၉၀) ကျော်အား ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို ကျန်းမာရေး ဝန်ထမ်းများ နှင့်အတူ ရပ်ကွက်/ ကျေးရွာအထောက်အကူပြု အဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ တိုက်ကြီးမြို့၊ ဥက္ကံမြို့၊ အဖျောက်မြို့ ရပ်ကွက် / ကျေးရွာနေ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို ကွင်းဆင်းထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများ ပူးပေါင်းကာ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)