ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းလုပ်ငန်းများ ဆောင်ရွက်

ပျော်ဘွယ် မေ ၂၇

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်လျက်ရှိရာ ဒုတိယနေ့အဖြစ် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာအခြေခံပညာကျောင်းများ၌ မေလ(၂၇) နံနက် (၈)နာရီမှစတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်နှံမှုနှင့်ပတ်သက်၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(ပန်းစုံ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဦးက “ကျွန်မတို့ကျောင်းအနေနဲ့ ယခုစာသင်နှစ်မှာ ကျောင်းသားဦးရေ (၂၇၀၀)ဦးခန့်ကို လက်ခံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ လာရောက်အပ်နှံတဲ့ကျောင်းသား၊ ကျောင်းသူတွေကို ဗလာစာအုပ်နှင့် သင်ရိုးညွှန်းတမ်းစာအုပ်တွေကိုတစ်ပါးတည်းထုတ်ပေးနေခြင်း ဖြစ်ပါတယ်”ဟုရှင်းပြသည်။

ပျော်ဘွယ်မြို့နယ်အတွင်း အခြေခံပညာကျောင်းစုစုပေါင်း(၂၄၁)ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၁၀၀၀) ကျော်ကို ကျောင်းအပ်လက်ခံဆောင်ရွက်မည်ဖြစ်ပြီး ဇွန်လ(၂)ရက်နေ့မှစတင်ကာ သင်ကြားရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ နယ်ပညာရေးမှူးရုံးမှ သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)