အင်တောမြို့ ကျောက်ဂူကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာမြင့်မိုရ်ခန်းမ ဖွင့်ပွဲကျင်းပ

အင်တော မေ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ ကျောက်ဂူကျေးရွာတွင် ပညာရေးဝန်ကြီးဌာန၊ ကမ္ဘောဇ (24 Hours Group Of Companies)နှင့် ဒေသခံပြည်သူလူထုတို့ စုပေါင်းထည့်ဝင်ငွေဖြင့် ဆောက်လုပ်သည့် ရတနာမြင့်မိုရ်ခန်းမဖွင့်ပွဲကို ယမန်နေ့နံနက် ၉နာရီက အဆိုပါခန်းမ၌ကျင်းပရာ ရပ်စောက်မြို့နယ်ပညာရေးမှူး ဦးမြင့်၊ အင်တောမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိန်လှိုင်တင့်နှင့် ကျောင်း ကော်မတီဝင်အတွင်းရေးမှူး ဦးကျော်ညွန့်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးဦးစိန်လှိုင်တင့်က အဖွင့်အမှစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးက ရတနာမြင့်မိုရ်ခန်းမ တည်ဆောက်ခြင်းဆိုင်ရာအကြောင်းပြောကြားပြီး ကျောက်ဂူ အခြေခံပညာအထက်တန်းကျောင်း မိဘဆရာအသင်းနာယက ဦးကျော်ညွန့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အ-ထ-က(ကျောက်ဂူ) ကျောင်းအုပ်ဆရာကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ယနေ့ဖွင့်လှစ်သည့် ရတနာမြင့်မိုရ်ခန်းမသစ်မှာ ပညာရေးဝန်ကြီးဌာန၊ ကမ္ဘောဇ(24 Hours Group Of Companies)နှင့် ဒေသခံပြည်သူလူထုတို့ စုပေါင်းထည့်ဝင်ငွေ ကျပ်သိန်း(၉၀၀)ဖြင့် ဆောက်လုပ်ခဲ့ပြီး အဆောက်အဦအတိုင်းအတာမှ အနံ(၁၉.၅)ပေ၊ အလျား ၁၀၀ ပေ အကျယ်၅၀ပေ ရှိ RCတစ်ထပ် အဆောက်အအုံဖြစ်ကြောင်း သိရသည်။

အဆိုပါခန်းမဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်ပညာရေးမှူး၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ကြီးနှင့်ဆရာဆရာများ၊ ကျောင်းကော်မတီဝင်များ၊ ဖိတ်ကြားထားသောသူများနှင့် ကျောင်းသား၊ ကျောင်သူဟောင်းများက တက်ရောက်ကြကြောင်း သိရသည်။

အောင်ခိုင်(ပြန်/ဆက်)