ကျိုက်ဒုံ မေ ၂၇
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၏ ဒေသထွက်သီးနှံဖြစ်သော ဒူးရင်းသီးများလှိုင်လှိုင်ထွက်ပြီး ဒေသတွင်းစျေးကွက်များတွင်သာမက မော်လမြိုင်မြို့သို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ကျိုက်ဒုံဒေသရှိ ဒူးရင်းသီးရောင်းဝယ်သူများသည် ပူရေကျေးရွာ၊ တီဖိုးမော်ကျေးရွာ၊ အဇင်းကျေးရွာစသည့် ဒူးရင်းသီးထွက်ရှိသောကျေးရွာများတွင် သွားရောက်ဝယ်ယူရပြီး ကျိုက်ဒုံမြို့ပေါ်၌ ဒူးရင်းသီးအကြီး သုံးလုံးလျှင်ငွေ(၁၀၀၀၀)ကျပ်၊ ဒူးရင်းသီးအလတ်လေးလုံးလျှင်ငွေ(၁၀၀၀၀) ကျပ်၊ဒူးရင်းသီးအငယ် ငါးလုံးလျှင် ငွေ(၁၀၀၀၀)ကျပ်အရွယ်အစားအလိုက် စျေးနှုန်း များရရှိကာ ဒူးရင်းသီးခြံရှင်များနှင့် ရောင်းဝယ်သူများအနေဖြင့် ဝင်ငွေတိုး၍ အကျိုးအမြတ်များစွာရရှိလျက်ရှိသည်။
တချို့သောစျေးသည်များသည် ဒူးရင်းသီးများကို မြို့သို့သယ်ဆောင်ရာတွင် လမ်းခရီး၌အထားခံစေရန် ဒူးရင်းသီးအစိမ်းများကို ဝယ်ယူ၍ ကျိုက်ဒုံ-ကြာအင်းဆိပ်ကြီး၊ ကြာအင်းဆိပ်ကြီး-မုဒုံမှမော်လမြိုင်မြို့အထိ ဒူးရင်းသီးအစိမ်းများကို အုပ်မှည့်အဖြစ် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
သန်းထွန်းနိုင်(ပြန်/ဆက်)