ဒဂုံတောင် မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ မြို့နယ်ကျက်သရေဆောင် အောင်ဗောဓိ ဆုတောင်းပြည့် စေတီတော်မြတ်ကြီး ရွှေစင်၊ ရွှေသား ရွှေမျက်ဝါး သင်္ကန်းတော် တတိယအကြိမ်မြောက် ကပ်လှူပူဇော်ပွဲ ကျင်းပရန်လုပ်ငန်း ညှိနှိုင်းကို ယမန်နေ့ မွန်းလွဲ (၁၃)နာရီအချိန်က အောက်ဗောဓိ ဆုတောင်းပြည့်စေတီတော် ဓမ္မာရုံတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စေတီတော်မြတ်ကြီးအား ရွှေစင်၊ ရွှေသား၊ ရွှေမျက်ပါး သင်္ကန်းတော် ကပ်လှူပူဇော်ရန်အတွက် ဘဏ္ဍာငွေရရှိအောင် ဆောင်ရွက်ခြင်း၊ ရွှေမျက်ပါးကပ်ခြင်း လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းရှင်နှင့် လုပ်ငန်းအပ်နှံခြင်း စာချုပ်မှုများ၊ ဝါးငြမ်းဆင်ခြင်းနှင့် ရွှေမိုက်ထုတ်ခြင်း လုပ်ငန်းများ၊ ငှက်ပျောဖူးပတ်လည်တွင် ကပ်လှူပူဇော်ထားသော ရွှေစင်၊ ရွှေပြား (၇ဝ) ချပ်ကို ပြန်လည်စစ်ဆေးပြီး ပြုပြင်ခြင်းနှင့် ကုသိုလ်ရှင်ပေါ်ပါက ရွှေပြားအသစ်ကပ်လှူခြင်း၊ (လိုအပ်ပါက ရွှေစင်ရွှေပြားများကို ဖြုတ်၍ပြုပြင်ခြင်း) များ၊ စေတီတော်ကြီးတွင် တင်လှူပူဇော်ထားသော ရွှေထီးတော်၊ ငှက်မြက်နားနှင့် စိန်ဖူးတော်တို့ကို ကြံ့ခိုင်ရေးပြန်လည်စစ်ဆေးပြီး ပြုပြင်ခြင်းနှင့် ရောင်တော်ဖွင့်ခြင်း လုပ်ငန်းများ စေတီတော်ခေါင်းလောင်းအောက်ခြေမှ ငှက်ပျောဖူးထိပ်အထိ (၉"x၉") အတွက် (၄၃၉၉) ကွက်ကို ရွှေမျက်ပါး သင်္ကန်း ကပ်လှူခြင်းနှင့် ပစ္စယံအောက်ခြေမှ ကျည်းဝန်းထိပ်အထိ ရွှေဆေးသင်္ကန်းကပ်လှူခြင်းများနှင့် စေတီတော်ကြီးအား ရွှေသင်္ကန်း ကပ်လှူပူဇော် ပြီးပါက ကုသိုလ်တော်အောင်ပွဲအဖြစ် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာကျင်းပခြင်းလုပ်ငန်းများ အစရှိသည့် ပြုလုပ်ဆောင်ရွက်မည့် လုပ်ငန်းများအား သြဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရွှေပညာရှင် ဦးဇော်ဦးနှင့် စေတီတော် ဂေါပကအဖွဲ့တို့မှ ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ကုသိုလ်ပြုတာဝန်ယူ ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဆွေးနွေးတင်ပြခဲ့ကြပြီး တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်ကျက်သရေဆောင် အောင်ဗောဓိဆုတောင်းပြည့် စေတီတော်မြတ်ကြီး အလုံးစုံ ရွှေစင်၊ ရွှေသား ရွှေမျက်ပါးသင်္ကန်းတော် ကပ်လှူပူဇော်ခြင်း၊ ထီးတော်၊ ငှက်မြက်နားနှင့် စိန်ဖူးတော်တို့အား ကြံ့ခိုင်ရေးပြန်စစ်ဆေးပြီး ရောင်တော်ဖွင့်ရန်၊ ငှက်များကုတ်ခြစ်သဖြင့် ရွှေစင်ရွှေသားများ ကွာနေသော ငှက်ပျောဖူးတွင် ကပ်လှူပူဇော်ထားသည့် ရွှေပြား (ရ၀) ချပ်အား ပြန်လည်စစ်ဆေးပြုပြင်ရန်နှင့် ရောင်တော်ဖွင့်ရန်၊ ကုသိုလ်ရှင်ပေါ်ပေါက်ပါက ရွှေစင်၊ရွှေပြားအသစ် ထပ်မံကပ်လှူနိုင်ရန်၊ စေတီတော်ကြီးအား တတိယအကြိမ် ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်းဖြင့် ပိုမိုသပ္ပါယ်စေရန်အစရှိသည်တို့ ဆောင်ရွက်ပြီးပါက ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူအများ ကြည်ညိုသဒ္ဓါပွားများနိုင်မည် ဖြစ်ကြောင်း သတင်းရသည်။
သက်မင်းဟန်(ဒဂုံတောင်)