ကမမောင်း မေ ၂၇
ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ခွင့်ရရှိရေးအတွက် အခြေခံပညာကျောင်းများကျောင်း အပ်နှံခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံလက်ခံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျောင်းအပ်နှံခြင်းလုပ်ငန်းများကိုလည်း စတင်အပ်နှံလျက်ရှိကြောင်း သိရသည်။
ကမမောင်းမြို့ရှိ အခြေခံပညာကျောင်းများအပ်နှံရာတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် အခကြေးငွေတစ်စုံတစ်ရာကောက်ခံခြင်းမရှိကြောင်း၊ ကျောင်းသုံးဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံစသည်တို့ကို အခမဲ့ထုတ်ပေးလျက်ရှိပြီး မူလတန်းအဆင့်ကျောင်းသား/သူများကို နိုင်ငံတော်မှ ကျောင်းဝတ်စုံတစ်စုံစီ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံရုံးမှသိရသည်။
အဆိုပါ ကျောင်းအပ်နှံခြင်းလုပ်ငန်းကို မေလ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကမမောင်းမြို့တွင် ယမန်နေ့က ကျောင်းလာရောက်အပ်နှံသူ(၁၆၂၈)ဦးရှိပြီးဖြစ်ကြောင်း၊ ဖာပွန်ခရိုင်အနေဖြင့် အခြေခံပညာအထက်တန်းကျောင်း (၄)ကျောင်း၊ အလယ်တန်းကျောင်း(၂၄) ကျောင်း၊ မူလတန်းကျောင်း(၅၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁) ကျောင်း၊ စုစုပေါင်းကျောင်း(၈၂)ကျောင်းရှိပြီး နယ်မြေဒေသအခြေအနေအရ ဖာပွန်ခရိုင်အတွင်းဖွင့်လှစ်ရန်လျာထားသည့် အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း(၉)ကျောင်း၊ မူလတန်းကျောင်း (၁၃) ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း(၁)ကျောင်း၊ စုစုပေါင်းကျောင်း(၂၅) ကျောင်းကို ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်တင်လှ(ကမမောင်းပြန်/ဆက်)