တောင်ကြီး မေ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကို မေလ ၂၆ ရက် မွန်းလွဲ ၂ နာရီက နမ့်ဆီးကျေးရွာအုပ်စု၊ပင်ငိုကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် နောင်လေကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့၌ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်ထွန်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ဒေသလိုအပ်ချက်များကို အသီးသီးရှင်းလင်းတင်ပြခဲ့သည်။ တက်ရောက်လာသော ဒေသခံပြည်သူများက ဒေသအတွင်းလိုအပ်သော ဖွံ့ဖြိုးတိုးရေးအတွက် လိုအပ်ချက်များအား ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် ဒေသခံပြည်သူများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေး၊ မွေးမြူ ရေးနင့်ကုသရေးဦးစီးဌာနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)