ထားဝယ် မေ ၂၇
၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်၊ အခြေခံပညာကာယပညာနှင့် အားကစားနည်းပြ မွမ်းမံသင်တန်း(တိုင်းဒေသကြီး)အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးပညာရေးမှူးရုံးမှညွှန်ကြားရေးမှူး ဦးဝင်းနောင်က မြန်မာ့ပညာရေးကဏ္ဍ နိုင်ငံတကာအဆင့်မီစေရေး ဆောင်ရွက်လျက်ရှိရာ အခြေခံပညာကျောင်းများတွင် ကာယပညာသင်ကြားရေးသည် အရေးကြီးကြောင်း၊ နိုင်ငံတော်အတွက်အားထားရမည့် ကျန်းမာကြံ့ခိုင်သည့် လူငယ်များပေါ်ထွန်းလာစေရေးနှင့်ကာယပညာနှင့် အားကစားဘာသာရပ်ကိုစနစ်ကျစွာ သင်ကြားပို့ချနိုင်မည့် ကာယပညာဆရာ/မများအား အရည်အသွေးမြင့်မားစေရန် အခြေခံပညာ ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံသင်တန်းကို ဖွင့်လှစ်ပို့ချရခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအဆင့် သင်တန်းတက်ရောက်သူ ကာယဆရာ/မများအနေဖြင့် သင်တန်းမှပို့ချချက်များကို စနစ်တကျ သေချာစွာ လေ့လာသင်ယူမှတ်သားသွားရန်နှင့် မိမိတို့၏ ကျောင်းသား/သူများကိုလည်း ထိထိရောက်ရောက် သင်ကြားပို့ချပေးရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်ကဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး၏အားကစားအဆင့်အတန်းမြင့်မားတိုးတက်စေရေးအတွက် အဓိကအားကစား နည်းများကိုရွေးထုတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင် တင်းနစ်၊ ကြက်တောင်၊ ဘတ်စကတ်ဘော၊ ပြေးခုန်ပစ်၊ တင်းနစ် စသည့်အားကစားနည်း(၈)မျိုးကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ မကြာမီ ကျင်းပမည့် အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲနှင့် အာဆီယံကျောင်းသားအားကစားပြိုင်များတွင် ယှဉ်ပြိုင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ကြောင်း၊ လာမည့်ဇွန်လနောက်ဆုံးအပတ်တွင် မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲကျင်းပမှာဖြစ်ကြောင်းပြောကြားသည်။
အခြေခံပညာ ကာယပညာနှင့်အားကစားနည်းပြမွမ်းမံသင်တန်း(တိုင်းဒေသကြီး)အဆင့် နည်းပြသင်တန်းတွင် မြို့နယ်(၁၀) မြို့နယ်တွင်ရှိသော ကာယ ဆရာ/မ (၃၃)ဦးအား အားကစားမှူးများ၊ နည်းစနစ်မှူးများနှင့် ကော်မတီဝင်များက မေ(၂၉)ရက်နေ့အထိ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပို့ချပေးမည် ဖြစ် ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)