လှိုင်သာယာ(အရှေ့ပိုင်း) မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသား / ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို မေ ၁၆ ရက်နေ့မှ ဇွန် (၁) ရက်နေ့အထိ သတ်မှတ်ထားရာ ယမန်နေ့ နံနက်ပိုင်းတွင် ကျောင်းသား / ကျောင်းသူများ ကျောင်းအပ်နှံလျက်ရှိသည်။
ထိုသို့ ကျောင်းအပ်လက်ခံရာတွင် အသက် ၅ နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG)၊ အသက် ၆ နှစ်အရွယ်ကလေးများကို ပထမတန်း (Grade-1) သို့ အပ်နှံနိုင်ပြီး နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပြဌာန်း စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံနှင့် ဘောပင် များ၊ ပေတံများကို ပေးအပ်ပြီး မြို့နယ်တွင်း အခြေခံပညာအထက်တန်းကျောင်း (၁၃) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၁၄) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၄) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၇) ကျောင်း၊ စုစုပေါင်း(၃၈) ကျောင်းတို့တွင် ကျောင်းအပ်နှံခြင်းများ လက်ခံလျက်ရှိသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းသား / ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ Mask တပ်ခြင်း၊ လက်ဆေးဘေစင်များ ထားရှိခြင်းများကို ဆောင်ရွက်ထားရှိပြီး Mask နှင့် FaceShield များအား အခမဲ့ပေးအပ်ကာ ကျောင်းသား / ကျောင်းသူများနှင့် မိဘများအဆင်ပြေစွာ ကျောင်းအပ်နှံနိုင်ရန်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းကို တာဝန်ရှိသူထံမှ သိရသည်။
ခင်ဝင်းမူ(ပြန်/ဆက်)