သင်္ဃန်းကျွန်း မေ ၂၇
နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂ ခုနှစ် မေ (၂၆) ရက်နေ့ မှ ဇွန်လ (၁) ရက်နေ့အထိ အခြေခံပညာအဆင့် ကျောင်းသား/ သူများအား ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်း ယမန်နေ့ နံနက်ပိုင်းအချိန်မှ စတင်ကာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။ သင်္ဃန်းကျွန်းမြို့နယ်တွင် အထက်တန်းကျောင်း (၅) ကျောင်း၊ အထက်တန်းခွဲ ကျောင်း (၂) ကျောင်း၊ အလယ်တန်းကျောင်း (၅) ကျောင်း၊ မူလတန်းလွန်ကျောင်း (၅) ကျောင်း၊ မူလတန်းကျောင်း (၃၀) ကျောင်း စုစုပေါင်း (၄၇) ကျောင်းရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများအား ၂၀၂၂ ခုနှစ် ဇွန်လ (၁) ရက်နေ့မှစတင်ကာ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းသား / သူ လေးများအား နိုင်ငံတော်အစိုးရမှ ကျောင်းသုံးပြဋ္ဌန်း စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ စသည်တို့ကို (အခမဲ့) ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။
လှလှဌေး