အလုံ မေ ၂၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က အလုံမြို့နယ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) မှ စာရေးဆရာ ကလောင်စုံရေးသားသည့် ပညာတန်ဆောင် ဝတ္ထုတိုများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆို စာဖတ်ဝိုင်းကို ပြည်သူများစာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အလေ့အထများ ရရှိစေရန်၊ စာပေမှရရှိသည့် အသိပညာဗဟုသုတရရှိစေရန်နှင့် လူအများနှင့် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်အတွက် ရည်ရွယ်ကာ လစဉ်ဆောင်ရွက်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းကို ဆောင်ရွက်ရာ Book Club အဖွဲ့ဝင် စာရေးဆရာမအေး (ရန်ကုန် တက္ကသိုလ်)က ပညာတန်ဆောင်ဝတ္ထုတိုများစာအုပ်ပါ စာရေးဆရာ သွဲ့ထားညို (သက္ကလ) ရေးသားသည့် ရေကြည်ဖျန်း၍ လန်းစေမည် ဝတ္ထုတိုကိုလည်းကောင်း၊ ဦးမောင်မောင်(လျှပ်စစ်)က ကျွန်းစဉ်မြေစောခက် ရေးသားသည့် ပြေးလမ်းပေါ်က အပြုံးများဝတ္ထုတို ကို လည်းကောင်း ဆွေးနွေးခဲ့ပြီး တက်ရောက်သူများကလည်း စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ပါဝင်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
တင်တင်ချို