နေပြည်တော် မေ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စား စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဒက္ခိဏသီရိမြို့နယ် စက်မှုဇုန်ရှိ PPEC Construction CO, LTD တွင် ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော် အသေးစားနှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စား စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီအား အသစ်ပြန်လည်ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားကြိုးစားဆောင်ရွက်စေလိုကြောင်း၊ စက်မှုဇုန်အတွင်းမြေနေရာချထားမှုများနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စက်မှုဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုပြုရန် မြေကွက်လျှောက်ထားမှုများ၊ မြေနေရာချထားခွင့်ပြုနိုင်ရေးကိစ္စရပ်များ၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ သန့်ရှင်းသာယာလှပရေးကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော် အသေးစားနှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဒက္ခိဏသီရီ စက်မှုဇုန်အတွင်းရှိလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မြန်မာ့စိမ်းတက်အောင်ကုမ္ပဏီမှ PPC ရေပိုက်ထုတ်လုပ်မှုလုပ်ငန်းနှင့် နယူးဧရာစပါးအခြောက်ခံစက်ရုံမှ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အောင်ကိုကို(ခရိုင်ပြန်/ဆက်)