တာမွေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအဆင့် ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံ

တာမွေ    မေ   ၂၆

မည်သည့်ခွဲခြားမှုမှမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုသည့် ဆောင်ပုဒ်အတိုင်း မိမိတို့နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် မျိုးဆက်သစ် လူငယ်လူရွယ်များအနေဖြင့် အသိဉာဏ်ပညာဗဟုသုတ ပြည့်စုံကြွယ်ဝသော နိုင်ငံ၏ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်  နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-ခုနှစ် မေ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ အခြေခံပညာအဆင့်  ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်း ယနေ့နံနက်ပိုင်းအချိန်မှစတင်ကာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“အသက်(၅)နှစ်ပြည့်တဲ့ကလေးဆိုရင် (KG)၊ အသက်(၆)နှစ်ပြည့်တဲ့ ကလေးဆိုရင် (Grade-1)ဆိုပြီး မိဘရဲ့သဘောဆန္ဒအတိုင်း ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေပါတယ်။ အဲဒီလို ကျောင်းသား အသစ်တွေအတွက်ဆိုရင်တော့ မွေးစာရင်းပြသဖို့ လိုအပ်ပါတယ်။ ကျောင်းကိုလည်း လျှောက်လွှာနဲ့အတူတွဲတင်ပြဖို့ မိတ္တူတစ်စောင် လိုအပ်ပါတယ်။ နောက်တစ်ခြားကျောင်းတွေကနေ ပြောင်းရွှေ့လာတဲ့ ကျောင်းသားအသစ်တွေအတွက်ဆိုရင် ကျောင်းထွက် လက်မှတ်ပြသဖို့ လိုအပ်ပါတယ်။ လတ်တလော ကျောင်းထွက်လက်မှတ်ယူဖို့ အခက်အခဲရှိရင်တော့ အဲကျောင်းက ကျောင်းထောက်ခံစာနဲ့ပဲ ယာယီလက်ခံဆောင်ရွက်ပေးပါတယ်။ ဒါပေမဲ့ ကျောင်းထွက် လက်မှတ်ကိုတော့ အဲကျောင်း ကနေ တောင်းပေးရပါမယ်။ ကျောင်းထွက်လက်မှတ် မပါရင်တော့ စာမေးပွဲဖြေဆိုခွင့် ပေးလို့မရပါဘူး။ ကျောင်းဝင် မှတ်ပုံတင်စာရင်းမှာလည်း ကျောင်းထွက် လက်မှတ် မပါတဲ့အတွက် စာရင်းသွင်းလို့မရပါဘူး။ အရမ်းကို ကျောင်းထွက် လက်မှတ်ယူဖို့ ခက်ခဲနေမယ်ဆိုရင်တော့ ကျောင်းထောက်ခံစာပါကို ပါရပါမယ်။ အဲဒီလို ကျောင်းသားတွေက ဘယ်လိုနေရာက လူတွေလည်းဆိုရင်တော့ စစ်ဘေးရှောင်နေရာတွေက ပြောင်းရွှေ့လာတဲ့ သူတွေပါ။ သူတို့ကိုတော့ ကျောင်းထောက်ခံစာနဲ့ ယာယီလက်ခံဆောင်ရွက်ပေးပါတယ်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ စာမေးပွဲအောင်မြင်ထားပြီး အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ ကျောင်းမတက်ရောက်ဖြစ်ခဲ့တဲ့ ကျောင်းသား/သူတွေကိုလည်း ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျောင်းသားမိဘတွေကို ဒီနေရာကနေ ပြောချင်တာကတော့ ကျောင်းသား/သူတွေ အေးချမ်းလုံခြုံစွာ ပညာသင်ကြားနိုင်ဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အထူးဆောင်ရွက်ပေးလျက်ရှိပါတယ်”ဟု တာမွေမြို့နယ်ရှိ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်းများတွင် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှုအခြေအနေများအား တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများအား ၂၀၂၂-ခုနှစ် ဇွန်လ(၁)ရက်နေ့မှစတင်ကာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းသား/သူလေးများအား နိုင်ငံတော်အစိုးရမှ ကျောင်းသုံးပြဋ္ဌန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ စသည်တို့ကို (အခမဲ့) ထောက်ပံ့ပေးသွားမည်ဖြစ်‌ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်