ကျွန်းစု မေ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မိုးရာသီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိစေရန်အတွက် ကြိုတင်ကာကွယ်ရေး လှုပ်ရှား မှုအဖြစ် ယနေ့နံနက်(၈) နာရီအချိန်က မြို့ပေါ် အမှတ်(၄)ရပ်ကွက်၌ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်/ကလေးစောင့်ရှောက်ရေးအသင်းဝင်များက အုပ်စု(၄)စုခွဲ၍ ရပ်ကွက်အတွင်းရှိ နေအိမ်များသို့သွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခဲ့သည်။
ထို့နောက် ခြင်ကောင်ဖြစ်မှ နှိမ်နင်းခြင်းထက် ပိုးလောက်လန်းဘဝတွင် နှိမ်နင်းခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်မှာဖြစ်ပြီး နေအိမ်အနီးရှိ ခြင်ခိုအောင်းနိုင်သော ခြုံနွယ်ပင်များ၊ အမှိုက်များအားရှင်းလင်းနေဖို့လိုအပ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသည့်အကြောင်းရင်းများနှင့် ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)