မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်လက်ခံဆောင်ရွက်ပေး

မိုင်းခုတ် မေ ၂၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးရက်သတ္တပတ်လှုပ်ရှားမှုကို ပညာရေးဝန်ကြီးဌာနက မေ(၂၆)ရက်မှ ဇွန်(၁)ရက်နေ့အထိသက်မှတ်ထားရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၈ နာရီခွဲမှစတင်ကာ ကျောင်းအပ်နှံခြင်းလုပ်ငန်းများအား စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကျောင်းအပ်နှံမှုများအား လက်ခံဆောင်ရွက်ပေးခြင်းကို မေ(၂၆)ရက်မှ ဇွန်(၁)ရက်နေ့အထိ နေ့စဉ် နံနက်(၈)နာရီခွဲမှ ညနေ(၃)နာရီခွဲအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျောင်းအပ်နှံခြင်းလုပ်ငန်းများ လက်ခံဆောင်ရွက်ပေးရာ၌လည်း မိဘ၊ အုပ်ထိန်းသူများထံမှ အခကြေးငွေတစ်စုံတစ်ရာကောက်ခံခြင်းမပြုဘဲ ကျောင်းသုံးပုံနှိပ်စာအုပ်များ အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းခုတ်မြို့တွင် မူလတန်းကျောင်း(ခွဲ)(၆)ကျောင်း၊ မူလတန်းကျောင်း(၂၀)ကျောင်း၊ မူလတန်း (လွန်)ကျောင်း(၅)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၁)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်းနှင့် အထက်တန်းကျောင်း(၁)ကျောင်း၊ စုစုပေါင်းအခြေခံပညာကျောင်းပေါင်း(၃၄)ကျောင်းရှိပြီး အဆိုပါကျောင်းများတွင်လည်း ယနေ့နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်နှံခြင်းလုပ်ငန်းများအား စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဇွန်လ(၂)ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)