ပလောက်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများဆောင်ရွက်

ပလောက်  မေ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးငယ် အားလုံးပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က  အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်‌ပေးလျက်ရှိသည်။

အဆိုပါကျောင်းအပ်လက်ခံရာသို့ ပလောက်တပ်နယ်မှ တာဝန်ရှိသူများ၊ ပလောက်မြို့ခေတ္တမြို့ အုပ်ချုပ်ရေးမှူးဦးခင်မောင်စိုးနှင့် ဌာနဆိုင်ရာများကလိုအပ်သည်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်လက်ခံရာတွင် အခြေခံပညာကျောင်း၌ KGတန်းမှ GRADE-11အထိ သက်ဆိုင်ရာအတန်းများအလိုက်အတန်းပိုင် ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး၊ကျောင်းအပ်နှံခြင်းကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဇွန်လ ၂ ရက်နေ့မှစတင်ကာ အခြေခံပညာအထက်တန်းကျောင်းကို ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း‌နှင့် ကျောင်းဖွင့်ချိန်တွင်ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များကို (အခမဲ့)ထုတ်ပေးမည်ဖြစ်‌‌ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်စီထံမှ သိရသည်။

နှင်းမြူလွင်(ပလောက်)