ဥတ္တရသီရိ မေ ၂၆
၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီမှစတင်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံလျက်ရှိသည်။
ကျောင်းအပ်နှံရာတွင် အသက်(၅)နှစ်ကလေးများကို သူငယ်တန်း(KG)၊ အသက်(၆)နှစ်အရွယ် ကလေးများကိုပထမတန်း (Grade-1)တွင် တက်ရောက်ရမည်ဖြစ်ပြီး သူငယ်တန်း(KG)မှ ဧကာဒဿမတန်း(Grade-11)အထိ သင်ရိုးသစ်များဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင်လည်း အခကြေးငွေတစ်စုံတစ်ရာကောက်ခံမှုမရှိကြောင်းနှင့် ကျောင်းသုံးပြဌာန်း စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံစသည်တို့ကို အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် ဆရာ၊ ဆရာမများနှင့်အတူ မိဘပြည်သူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့တွင်စတင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ဥတ္တရသီရိမြို့နယ်တွင် အထက်တန်းကျောင်း (၇)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၆)ကျောင်း၊ အလယ်တန်းကျောင်း(၇)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၅)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂)ကျောင်း၊ မူလတန်းကျောင်း(၁၉)ကျောင်းနှင့် မူလတန်းကျောင်းခွဲ(၂)ကျောင်းရှိပြီး အဆိုပါကျောင်းများတွင်လည်း ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေးစတင် လက်ခံလျက်ရှိကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်ဆက်)