မိုးကောင်း မေ ၂၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အခြေခံပညာဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မဉ္ဇူသကခန်းမ၌ မေ (၂၆)ရက် နံနက် (၉)နာရီခွဲအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အ.ထ.က(၂) ကျောင်းသား/သူလေးများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်က ကျောင်းအပ်နှံရေးနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။
၂၁ ရာစုသည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ တိုးတက်လာသဖြင့် ဆရာ ဆရာမများ အားလုံးသည် ပညာခေတ်နှင့်အညီ သင်ထောက်ကူ၊ သင်ပြနည်းများအသုံးပြုပြီး စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ဂရုဏာထား၍ ကျောင်းသား ကျောင်းသူများအပေါ် ကြိုးစားသင်ကြား ပို့ချပေးစေရေး၊ ပညာရဲရင့် ပွဲလည်တင့်နိုင်ရန် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရန် ကျောင်းသားမိဘများအနေဖြင့် ကျောင်းအပ်ပေးကြစေလိုကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကား ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်နှင့် ကျောင်းသုံးပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ထက်၊ လယ်၊ မူ အဆင့်အလိုက် ကျောင်းသား၊ ကျောင်းသူများအား အသီးသီး ပေးအပ်ခဲ့သည်။
ယင်းနောက် အ.ထ.က နောင်ကိုင်တော် Grade-8 ကျောင်းသူ မခိုင်သဇင်ကျော်မှ တီးခတ်၍ ကျောင်းသူလေးများက ထာဝရမြန်မာသီချင်းဖြင့် ဖျော်ဖြေသီဆိုကြပြီး အမှတ်တရ မှတ်တမ်းဓါတ်ပုံ ရိုက်ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက စာသင်ခန်းများ၌ ကျောင်းသားအပ်နှံနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)