မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံ

မိုင်းဆတ် မေ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ယနေ့နံနက်(၉)နာရီကစတင်၍ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်လက်ခံခြင်းကို အသက်(၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)တွင်အပ်နှံ၍ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့ အပ်နှံရမည်ဖြစ်ပြီး ကျောင်းအပ်ရာတွင် မည်သည့်အခကြေးငွေမျှပေးသွင်းရန်မလိုဘဲ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို အခမဲ့ထုတ်ပေးခဲ့သည်။

မိုင်းဆတ်မြို့နယ်တွင် အထက(၂)ကျောင်း၊ အထကခွဲ(၃)ကျောင်း၊ အလယ်တန်း(၄)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၃)ကျောင်း၊ မူလွန်(၁၅)ကျောင်း၊ အမက(၅၁)ကျောင်းနှင့် အမကခွဲ(၁၈)ကျောင်း အခြေခံပညာကျောင်းပေါင်း(၉၆)ကျောင်းရှိရာ မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန်လ(၂)ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းအားလုံးဖွင့်လှစ်၍ ကျောင်းသင်ခန်းစာများ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ကျောင်းအပ်လက်ခံခြင်းကို နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးမြင့်ကျော်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် တာဝန်ရှိသူတို့က အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)