ဘားအံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်ဖြင့် Book Review ရေးဖြေပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ  ပြုလုပ်

ဘားအံ  မေ ၂၆

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှကြီးမှူး၍ ကျောင်းသားလူငယ်များ ကျောင်းစာအပြင် ပြင်ပဗဟုသုတများနှင့်ပြည့်စုံစေရန်၊ အင်္ဂလိပ်ဘာသာရပ်ကို လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေး၊စာဖတ်ရှိန်မြှင့်မားရေးအတွက် (Thirty Burmese Tales-Book Review)ရေးဖြေပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Book Review ရေးဖြေပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင် ဆရာဦးစောအောင်ဘက ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး (Thirty Burmese Tales)ထဲတွင် ပါဝင်သည့် Animal Tales နှင့် Humorous Tales   တွင် ပါဝင်သည့် အကြောင်းအရာများကို Kahoot Quiz Game ဖြင့် ဉာဏ်စမ်းမေးခွန်းမေး၍ ယှဉ်ပြိုင်စေခဲ့ကြရာ ပထမဆုအား အ-ထ-က(ခွဲ)၃ မှ နန်းရွှေစင်၊ ဒုတိယဆုအား အ-ထ-က(ခွဲ)၆ မှ နန်းလင်းစုမီ၊ တတိယဆုအား အ-ထ-က(ခွဲ)၆ မှ မအေးမြစံ၊ အထူးဆု(၁)အား အ-ထ-က(ခွဲ)၆ မှနန်းပန်းဝတီလွင်၊ အထူး ဆု(၂)အား အ-မ-က (ရထပေါင်)မှ နန်းတင်ဝင်းသူတို့မှ ဆုများရရှိခဲ့ရာ ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ Book Review ရေးဖြေပြိုင်ပွဲကို ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ (၂၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)