သရက်ချောင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

သရက်ချောင်း   မေ  ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်းတစ်ပတ်ဖြင့် စတင်ကျောင်းအပ်နှံလက်ခံရေးကို ယနေ့နံနက် ၉နာရီခွဲ အချိန်မှစ၍ ကျောင်းအပ်လက်ခံခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်ရှိ "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နဲ့အညီ မေ(၂၆)ရက်နေ့မှစတင်ပြီး ကျောင်းအပ်နှံခြင်း လုပ်ငန်းတွေကို သက်ဆိုင်ရာကျောင်းအလိုက် လက်ခံဆောင်ရွက်ပေးမှာဖြစ်ပြီး ကျောင်းအပ်နှံသည့်အခါ အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမှုမရှိကြောင်းသိရသည်။

ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)သို့လည်းကောင်း၊ (၆)နှစ် အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့လည်းကောင်း အပ်နှံရမည်ဖြစ်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသောကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အခြေခံပညာကျောင်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

သားကြီး (သရက်ချောင်း)