ကျောက်မဲ မေ ၂၆
၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက် ၉ နာရီမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
ကျောက်မဲမြို့နယ်တွင် အခြေခံပညာကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစုစုပေါင်း ၁၁၃ ကျောင်းတို့တွင် သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ၅ နှစ်အရွယ် ကလေးများကိုသူငယ်တန်း (KG) သို့ အပ်နှံရန်နှင့် ၆ နှစ်အရွယ်ကလေးများကို ပထမတန်း (Grade-1) သို့ အပ်နှံရန် အသိပေးကြေညာချက်ထုတ်ပြန်ထားပြီး ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေကိုမျှကောက်ခံခြင်းပဲ ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များကို (အခမဲ့) ထုတ်ပေးလျက်ရှိကြောင်း မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများကို ကျောင်းဝတ်စုံ ၁ စုံ ကျောင်းဖွင့်သည့်ကာလတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၇ ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း ၁ ကျောင်း၊ အလယ်တန်းကျောင်း ၄ ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း ၁၀ ကျောင်း၊ မူလတန်းလွန်ကျောင်း ၁၆ ကျောင်း၊ မူလတန်းကျောင်း ၆၁ ကျောင်း၊ အ.မ.က(ခွဲ)ကျောင်း ၆ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၆ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၂ ကျောင်း စုစုပေါင်း ၁၁၃ ကျောင်းတွင် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဇွန်လ ၂ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဌေးထံမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)