ကလိန်အောင်မြို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းလုပ်ငန်းများစတင်ဆောင်ရွက်

ကလိန်အောင် မေ ၂၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးအတွက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အခြေခံပညာစာသင် ကျောင်းများတွင် ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာကျောင်းများအားလုံးတွင်စတင်၍ ကျောင်းသား/သူများအားလုံး လာရောက် ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

ကလိန်အောင်မြို့တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ကျောင်းအပ်နှံကြပါစို့” ဟူသောဆောင်ပုဒ်နှင့်အညီ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းတက်ရောက်သင်ကြားကြမည့် KG အတန်း၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူကလေးများအား ကျောင်းသားမိဘများမှ ကျောင်းသား/သူများနှင့်အတူ ကိုယ်တိုင်လာရောက်ပြီးလာရောက်အပ်နှံကြရာတွင် (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)သို့လည်းကောင်း၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့ လည်းကောင်းအပ်နှံရာမည်ဖြစ်ပြီး ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံစသည့် ပစ္စည်းများကိုနိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးခြင်းနှင့် အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမှုမရှိကြောင်း သိရသည်။

အဆိုပါကျောင်းအပ်နှံရေးသီတင်းပတ်မှာ ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့ မှ ဇွန်လ ၁ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့(ပြန်/ဆက်)