ဒဂုံအရှေ့ မေ ၂၆
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် ကျောင်းအပ်နှံလက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အခြေခံပညာကျောင်း (၃၃) ကျောင်း၌ KG တန်းမှ GRADE-11 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင် ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို လက်ခံ ဆောင်ရွက်ပေးလျက်ရှိပြီး၊ ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များကို (အခမဲ့) ထုတ်ပေးလျက်ရှိသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်း၊ အလယ်တန်းကျောင်း (၅) ကျောင်း၊ မူလတန်းလွန်ကျောင်း (၇) ကျောင်း၊ မူလတန်းကျောင်း (၁၄) ကျောင်း၊ အ.မ.က (ခွဲ) ကျောင်း (၂) ကျောင်း အခြေခံပညာကျောင်းပေါင်း(၃၃) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း(၁၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၄)ကျောင်း စုစုပေါင်း(၄၈)ကျောင်းတို့၌ မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ ၂ ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်း အားလုံးဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ထူးထူးလွင်ထံက သိရသည်။
ဝင်းအိမွန်