ကျိုက်ဒုံမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းလုပ်ငန်းများစတင်ဆောင်ရွက်

ကျိုက်ဒုံ မေ ၂၆

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (အ.ထ.က) ကျိုက်ဒုံကျောင်းတွင် ယနေ့၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်အထိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေးနေ့အဖြစ် စတင်ကျောင်းအပ်လက်ခံလျက်ရှိကြောင်းသိရသည်။

ကျိုက်ဒုံမြို့ (အ.ထ.က) ကျောင်းတွင် ကျောင်းအပ်လက်ခံရာ၌ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် ဘောပင်၊ ခဲတံများ (အခမဲ့)ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် မည်သည့်အခကြေးငွေကိုမျှ လုံးဝကောက်ခံခြင်းမရှိပါကြောင်း သိရသည်။

အဆိုပါကျောင်းအပ်နှံရေးနေ့တွင် (အ.ထ.က) ကျိုက်ဒုံကျောင်း၌ မြို့အုပ်ချုပ်ရေးမှူးရုံးမှ စာရေးဝန်ထမ်းများနှင့် (ပြန်/ဆက်)ဝန်ထမ်းများပူးပေါင်းပြီး အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်စေရေးအတွက် “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့” အသိပညာပေးလက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူမိဘများထံ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်