ကျောက်ဆည်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း အသိပညာပေးဆွေးနွေး

ကျောက်ဆည် မေ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီက သဘာဝပတ်ဝန်းကျင်သာယာလှပပြီး စိမ်းလန်းစိုပြည်ရေး၊ ပလပ်စတစ်အမှိုက်များ စနစ်တကျစွန့်ပစ်စေရေးခေါင်းစဉ်ဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက သဘာဝပတ်ဝန်း ကျင်နှင့်လူသားတို့ကို အန္တရာယ်ဖြစ်စေနိုင်သော ဒြပ်ပစ္စည်းအမျိုးအစားတွင် ပလပ်စတစ်အမှိုက်သည် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ပလပ်စတစ်အမှိုက် ကြောင့် လူနှင့်သတ္တဝါများ သေကြေပျက်စီးဆုံးရှုံးမှုများစွာရှိနိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင်အား ထိခိုက်ပျက်စီးစေသော အကြောင်းအရင်းများစွာရှိကြောင်း၊ ပလပ်စတစ်စွန့်ပစ်အမှိုက်ကြောင့် ရေမြောင်းများပိတ်ဆို့ပြီး အနံ့ဆိုးများထွက်ကာ အဆုတ်နှင့်ပတ်သတ်သည့်ရောဂါများဖြစ်ပွားခြင်း၊ ခြင်၊ ယင်များပေါက်ပွားကာသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်း စသည့်အန္တရာယ်များဖြစ်ပွားနိုင်ကြောင်း စသည့်ပလပ်စတစ်စွန့်ပစ်အမှိုက်များ၏ ဆိုးကျိုးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးလွှမ်းနိုင်က ပလပ်စတစ်အိတ်များတွင် ခဲဓာတ်နှင့်အဆိပ် ဓာတ်များ၊ဆိုးဆေးအရောင်များပါဝင်သောကြောင့် အပူလွန်ကဲသော စားသောက်ပစ္စည်းများ ထုပ်ပိုးသယ်ဆောင်ရာတွင် အဆိပ်ဓာတ်များ စားသောက်ပစ္စည်းများအတွင်းသို့ရောက်ရှိပြီး အဆုတ်နှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်သည့်အပြင် လူသားတို့၏ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင် ကြောင်းနှင့် ပလပ်စတစ်စွန့်ပစ်အမှိုက်ကြောင့် စိမ်းလန်းစိုပြေသောအပင်များ ပေါက်ရောက်နိုင်ခြင်းမရှိဖြစ်ကာ သစ်တောပြုန်းတီးမှုများဖြစ်စေပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုများလည်း ဖြစ်ပေါ်လာမှာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ပလပ်စတစ် အိတ်သုံးစွဲမှုလျော့ချနိုင်စေရန်အတွက် ပလပ်စတစ်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေးခြင်း၊ အသုံးပြုပြီးသော ပလပ်စတစ်များကိုစနစ်တကျစွန့်ပစ်ခြင်း၊ ပလပ်စတစ်အိတ်များ နေရာတွင် ပျက်စီးလွယ်သည့်ပစ္စည်း၊ အိပ်များဖြင့် အစားထိုးအသုံးပြုခြင်းများကို ပြည်သူများက ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း သို့မှသာသာယာလှပပြီးစိမ်းလန်းစိုပြေသည့် သဘာဝပတ် ဝန်းကျင်ကောင်းများ ရရှိမှာဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)