ဟိုပန်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဟိုပန် မေ ၂၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ စောမဟာခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းသားကျောင်းသူလေးများက ဂုဏ်ပြုတေးသီးချင်းသီဆို၍အခမ်း အနားကိုဖွင့်လှစ်ပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်မှအခမဲ့ဖြန့်ဝေသော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကိုဥက္ကဋ္ဌ ဦးညီနပ်နှင့် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများထံ ပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းသူ/ကျောင်းသားများက “နိုင်ငံတော်ရဲ့ စေတနာပန်း” တေးသီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့သည် အထက(ဟိုပန်)တွင် အတန်းလိုက်ကျောင်းအပ်နှံမှု အခြေအနေကို ကြည့်ရှုအားပေးခဲ့သည်။ ထိုမှတဖန် ဥက္ကဋ္ဌနှင့်အဖွဲ့သည် အမက(ရုံးကုန်း)နှင့် အထက(ခွဲ)ရွှေဝါသို့ သွားရောက်၍ ကျောင်းအပ်လက်ခံမှုအခြေအနေကို ကြည့်ရှုပြီး ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများအား တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)