ရေဖြူ မေ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်သည် နှစ်ရှည်ပင်စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ပင်သီးနှံဖြစ်သည့် ကွမ်းသီး ပင်သည် မတ်လမှမေလအတွင်း၌ စတင်အပွင့်ပွင့်ပြီး အသီးကင်းနုများစတင်ထွက်လေ့ရှိရာ ပုံမှန်အားဖြင့် အသီးရင့်မှည့်ချိန်မှသာခူးယူခြင်းနှင့် ကြွေကျအသီးများအားလိုက်လံကောက်ယူပြီး အလုံးလိုက်ရောင်းချခြင်း၊ ခွဲခြမ်းခြောက်များရောင်းချခြင်းရှိခဲ့သော်လည်း ယခုနှစ်များတွင် ကွမ်းသီးအရည်သောက်အနုသီးများ လိုက်လံဝယ်ယူမှုများရှိလာရာ ဈေးကောင်းရရှိ၍ကွမ်းသီးခြံရှင် ဒေသခံတောင်သူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
ရေဖြူမြို့နယ်၊ ကျေးရွာအနှံ့အပြား၌ နှစ်ရှည်သီးနှံပင်ဖြစ်သည့် ကွမ်းသီးပင်သည်ရာသီဥတု သဘာဝတောတောင် ရေခံမြေခံအခြေအနေများအရ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီးနှစ်စဉ် ကွမ်းသီးပင်စိုက်ပျိုးမှု တိုးပွားလာလျက်ရှိရာ ရော်ဘာပင်ပြီးလျှင် ဒုတိယအများဆုံး စိုက်ပျိုး သီးနှံဖြစ်ကြောင်းသိရသည်။
ယခုလတွင် ကွမ်းသီးအရည်သောက်အသီးနုများအား လာရောက်ဝယ်ယူလျက်ရှိပြီး ကွမ်းသီးအကင်းအနုတစ်လုံးလျှင် ငွေကျပ်(၄၅)ကျပ်မှ (၅၀)ကျပ်အထိ ဈေးနှုန်းရရှိပြီး ၎င်းအသီးနုများ ကို တရုတ်နိုင်ငံသို့တင်ပို့ ရောင်းချကြောင်းသိရသည်။ ဒေသခံခြံရှင်တောင်သူများမှာ ကွမ်းသီးအကင်းအနုများခူးယူရောင်းချခြင်းဖြင့် ဝင်ငွေများရရှိကာအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဖြူဖြူရှိန်(ရေဖြူ)