စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်                                                         

စဉ့်ကူး  မေ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ရက်နေ့အထိ သတ်မှတ်ထားရာ ယနေ့နံနက်(၉:၀၀)နာရီ အချိန်မှစ၍ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်း ၌ ကျောင်းအပ်လက်ခံနေကြောင်း သိရသည်။

ထိုသို့ ကျောင်းအပ်လက်ခံခြင်းများဆောင်ရွက်ရာသို့ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာပညာသင်ယူနိုင်စေရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းလုံခြုံရေးစသည့် အခြေအနေများနှင့်ပတ်သက်၍ လိုအပ်ချက်များရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စဉ့်ကူးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ (၁၀)ကျောင်း၊ အလယ်တန်းကျောင်း (၈)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ (၅)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၉)ကျောင်း၊ မူလတန်းကျောင်း (၇၀) ကျောင်း၊ မူလတန်းကျောင်း-ခွဲ (၁)ကျောင်း၊ ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်း (၉)ကျောင်း၊ ဘုန်းတော်ကြီးသင် မူလတန်းလွန်ကျောင်း (၁၀) ကျောင်း၊ စုစုပေါင်းကျောင်းပေါင်း (၁၄၀)ကျောင်းရှိပြီး KG တန်းမှ GRADE-11 အထိ သက်ဆိုင်ရာ အတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များကို (အခမဲ့) ထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)